MDEA Membership Information
မြန်မာနိုင်ငံ ဒီဂျစ်တယ် စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်အသင်း၏ အသင်းသားရေးရာ အချက်အလက်များ
အသင်းသား၏ အရည်အချင်းများ
အောက်ဖော်ပြပါ အသင်းအဖွဲ့များနှင့် တသီးပုဂ္ဂလတစ်ဦးချင်းတို့သည် အသင်းသားအဖြစ် ပါဝင်ခွင့် ရှိသည်-
(က) မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ပုဒ်မ ၄၂ အရ ဖွဲ့စည်းထားသောတိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဒီဂျစ်တယ်စီးပွားရေးဆိုင်ရာလုပ်ငန်းရှင်အသင်းများ၊
(ခ) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်းတည်ထောင်ထားသည့် ပြည်ထောင်စုအဆင့် ဒီဂျစ်တယ်စီးပွားရေး ဆိုင်ရာ လုပ်ငန်းရှင်အသင်းများ
(ဂ) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်းတည်ထောင်၍ တရားဝင်မှတ်ပုံတင်ထားသည့်ဒီဂျစ်တယ်စီးပွားရေး ဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်သော တစ်ဦးတည်းပိုင်လုပ်ငန်းများ၊ကုမ္ပဏီများ၊ ဖက်စပ် ကုမ္ပဏီများ၊ ကော်ပိုရေး ရှင်းများ၊ အစုစပ်လုပ်ငန်းများ၊ သမဝါယမ အသင်းများ
(ဃ) မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသည့် ဒီဂျစ်တယ်စီးပွားရေးဆိုင်ရာ လုပ်ငန်းလုပ်ကိုင်သော နိုင်ငံခြား ကုမ္ပဏီများနှင့် နိုင်ငံခြားကုမ္ပဏီရုံးခွဲများ၊ အပြည်ပြည်ဆိုင်ရာနှင့်ဒေသဆိုင်ရာ ကုန်သည်အသင်းများ
(င) ဒီဂျစ်တယ်စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူ၊ အသိပညာရှင်၊ အတက်ပညာရှင် မြန်မာနိုင်ငံသားများ
(စ) ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းရပ်တစ်ခုခုကိုလုပ်ဆောင်ရန် တရားဝင်မှတ်ပုံတင်ထားသည့် လုပ်ငန်း/အသင်း/ အဖွဲ့/ကုမ္ပဏီ တစ်ခုခုတွင် တာဝန်ထမ်းဆောင်နေသည့် ပုဂ္ဂလိကတစ်ဦးချင်း မြန်မာနိုင်ငံသားများ
(ဆ) အသင်းသားအဖြစ်လျှောက်ထားသူသည် ဥပဒေအရ လူမွဲ အဖြစ်လည်းကောင်း၊ အမည်ပျက်စာရင်းဝင် (Black List) အဖြစ်လည်းကောင်း ကြေညာခံရသည့် အသင်းအဖွဲ့/ပုဂ္ဂိုလ် မဖြစ်စေရ
(ဇ) အသင်းသားအဖြစ် လျှောက်ထားသည့် တသီးပုဂ္ဂလတစ်ဦးချင်း သို့မဟုတ် ကိုယ်စားလှယ်သည် -
(၁) အသင် ၁၈နှစ်ပြည့်ပြီးသူဖြစ်ရမည်၊
(၂) စိတ်ပေါ့သွပ် ရူးနှမ်းသူမဖြစ်စေရ၊
(၃)သာ့သနာဘောင်သို့အပြီးဝင်ရောက်သွားသူမဖြစ်စေရ၊
(၄) အကျင့်စာရိတ္တပျက်ပြားခြင်း (Moral Turpitude) အကျုံးဝင်သည့် ပြစ်မှုကျုးလွန်၍ ရုံးတော်ကပြစ်ဒဏ် ချမှတ်ခံထားရသူ မဖြစ်စေရ။
အသင်းသား အမျိုးအစားများ
(က) သာမန်အသင်းသား(Ordinary Member)
အထက်အပိုဒ် ၉ ပါ အရည်အချင်းတစ်ခုခုနှင့် အကျုံးဝင်၍ အသင်းသားအဖြစ် တရားဝင်လက်ခံ အသိအမှတ်ပြုပြီး ဖြစ်သည့်အပြင် သတ်မှတ်ထားသော အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေးများကို ပေးသွင်းနေသော ကုမ္ပဏီ၊ နိုင်ငံခြားကုမ္ပဏီ၊ ဖက်စပ်ကုမ္ပဏ်ီ၊ အစုစပ်လုပ်ငန်း၊ ကုန်စည်ဒိုင် သမဝါယမ အသင်း၊ ညီနောင်အသင်းများ၊ တစ်ဦးတည်းပိုင်လုပ်ငန်းများ နှင့် တသီးပုဂ္ဂလတစ်ဦးချင်း မြန်မာနိုင်ငံသားများ၊
(ခ) ညီနောင်အသင်းသား (Affiliated Association)
အောက်ဖေါ်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသော အသင်းအဖွဲ့များကိုသာ ညီနောင်အသင်းအဖြစ် လက်ခံမည်ဖြစ် ပါသည်။ အသင်းတွင် ရိုးရိုး/သာမန်အသင်းသားအဖြစ် သက်တမ်း (၁)နှစ်ပြည့်ပြီးသည့်အပြင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညီနောင်အသင်းအဖြစ်သဘောတူသည့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ ဖွဲ့စည်းထားသော တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့် ဒီဂျစ်တယ်စီးပွားရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းများ၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်းထားသော အကျိုး အမြတ် ခွဲဝေ ခြင်းမရှိသည့် ဒီဂျစ်တယ်စီးပွားရေးဆိုင်ရာအသင်းအဖွဲ့များ၊
(ဂ) တွဲဖက်အသင်းသား (Associate Member)
မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသောဒီဂျစ်တယ်စီးပွားရေးလုပ်ကိုင်သည့် နိုင်ငံခြား ကုမ္ပဏီများ၊ နိုင်ငံခြား ကုမ္ပဏီရုံးခွဲများနှင့် အသင်းအဖွဲ့များကို တွဲဖက်အသင်းသားအဖြစ် သတ်မှတ်သည်။ တွဲဖက် အသင်းသားသည် ဖိတ်ကြားသော အစည်းအဝေးများ၊ အခမ်းအနားများတွင် တက်ရောက် ဆွေးနွေးအကြံပေး နိုင်ခွင့်ရှိသည်။ သို့ရာတွင် ရွေးချယ်ခံပိုင်ခွင့်နှင့် ဆန္ဒမဲပေးခွင့်မရှိစေရ။
အသင်းသားများ၏ တာဝန်
အသင်းသားများ၏ တာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) တိုးတက်ဖွံ့ဖြိုးအောင်မြင်ရေးနှင့် ဂုဏ်သိက္ခာ မြင့်မားစေရေးတို့ကို ရှေးရှု၍ လိုအပ်သလို ကူညီပံ့ပိုးပါဝင် ပူးပေါင်း ဆောင်ရွက်ရမည်။
(ခ) ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များကို ထမြောက်အောင်မြင်စေရန် ပူးပေါင်းပါဝင် ဆောင်ရွက်ရမည်။
(ဂ) သတ်မှတ်ထားသော အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေးတို့ကို မပျက်မကွက် ပေးသွင်းရမည်။
(ဃ) အသင်းသားစုံညီအစည်းအဝေး၊ ဗဟို အလုပ်အမှုဆောင်အဖွဲ့ ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ၊ စီမံခန့်ခွဲ ရေးကော်မတီ အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များ၊ နိုင်ငံတော်နှင့် အခါအားလျော်စွာ ထုတ်ပြန်သော ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက် စသည်များကို လိုက်နာရမည်။
(င) အသင်းသားအချင်းချင်း စည်းလုံးညီညွှတ်မှုကို အစဉ်ရှေးရှု ထိန်းသိမ်း ဆောင်ရွက်ရမည်။ အုပ်စုဖွဲ့ခြင်း၊ သင်းကွဲ ဂိုဏ်းကွဲ ထူထောင်ခြင်း မပြုလုပ်ရ။
(စ) ပေးအပ်သောတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ရမည်။
အသင်းသားများ၏ အခွင့်အရေး
အသင်းသားများ၏ အခွင့်အရေးများမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) ဖိတ်ကြားထားသော အစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ အခမ်းအနားများသို့ တက်ရောက်ခွင့်၊ ဆွေးနွေးခွင့်နှင့် အကြံပေးနိုင်ခွင့်ရှိသည်။
(ခ) စီစဉ်သော ပြည်တွင်းပြည်ပ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ လေ့လာရေးခရီးများ၊ ကုန်စည်ပြပွဲများ စသည်တို့တွင် ပါဝင်တက်ရောက် ဆည်းပူး လေ့လာခွင့် ရှိသည်။
(ဂ) စီစဉ်ပြုစုဖြန့်ဝေသော သတင်းအချက် အလက်များ၊ စာရွက်စာတမ်းများကို လက်ခံရယူ နိုင်ခွင့်နှင့် ဝန်ဆောင်မှုများကို ခံစားခွင့်ရှိသည်။
(ဃ) အသင်းသားစုံညီ အစည်းအဝေးနှင့် အခြားသက်ဆိုင်ရာအစည်းအဝေးများတွင် ဖိတ်ကြားချက်အရ ဆွေးနွေးခွင့်၊ မေးမြန်းခွင့်၊ အဆိုပြုခွင့်၊ ကန့်ကွက်ခွင့်နှင့်မဲဆန္ဒပေးခွင့်ရှိသည်။ နိုင်ငံခြားတွဲဖက် အသင်းသား များသည် တက်ရောက် ဆွေးနွေး အကြံပေး နိုင်ခွင့်ရှိသော်လည်း ရွေးချယ်ခံပိုင်ခွင့် နှင့် မဲဆန္ဒပေးခွင့်မရှိပါ။
(င) တိုးတက်ကြီးပွား အောင်မြင်ရေးကို ရှေးရှု၍ ကောင်းမြတ်သောအကြံဉာဏ်များ၊ စာတမ်းများ စသည်တို့ကို တင်ပြခွင့်ရှိသည်။
(စ) သတ်မှတ်ပြဌာန်းချက်များနှင့်အညီ အမှုဆောင်အဖြစ် ရွေးချယ်ခံနိုင်ခွင့်ရှိသည်။ လုပ်ငန်းကော်မတီများတွင် ပါဝင်နိုင်ခွင့် ရှိသည်။
(ဆ) အသင်းသားတစ်ဦးသည် သာမန်အားဖြင့် မဲဆန္ဒပေးပွဲ တစ်ကြိမ်လျှင် ဆန္ဒမဲ တစ်မဲပေးခွင့်ရှိသည်။
အသင်းသားဖြစ်ခြင်း
အသင်းသားအဖြစ် ပါဝင်ခွင့်ရရှိရန်အတွက် အောက်ပါနည်းလမ်းအတိုင်း ဆောင်ရွက်ရမည်-
(က) ဤသင်းဖွဲ့စည်းမျဉ်းအပိုဒ် ၉ ပါအရည်အချင်းနှင့်ပြည့်စုံသော အသင်းအဖွဲ့/ပုဂ္ဂိုလ်များသည် အသင်းသား အဖြစ် ပါဝင်ခွင့်ရရှိစေရန် သတ်မှတ်ထားသော အသင်းဝင်ခွင့်လျှောက်လွှာပုံစံတွင် ဖြည့်စွက် လက်မှတ် ရေးထိုး၍ ဓာတ်ပုံနှင့်သက်ဆိုင်ရာ အထောက်အထား စာရွက် စာတမ်းများနှင့်အတူ အထွေထွေ အတွင်းရေးမှူးထံ လိပ်မူ၍ လျှောက်လွှာတင်သွင်းရမည်။
(ခ) သတ်မှတ်ထားသော အသင်းဝင်ခွင့်လျှောက်လွှာတွင် လျှောက်ထားသူ ကာယကံရှင်ကိုယ်တိုင် (သို့မဟုတ်) အသင်းအဖွဲ့ဖြစ်ပါက တရားဝင်ကိုယ်စားလှယ်က လက်မှတ်ရေးထိုး အဆိုပြုထားသည့်အပြင် ထောက်ခံသူ အဖြစ် အသင်းသားတစ်ဦးက လက်မှတ်ရေးထိုးရမည်။
(ဂ) အသင်းဝင်ခွင့်လျှောက်လွှာကို အသင်းသားဆိုင်ရာလုပ်ငန်းကော်မတီတွင်တင်ပြ၍လက်ခံရန်သင့်-မသင့်ကို ဦးစွာစိစစ်ပြီး ဆုံးဖြတ်ချက်နှင့်အတူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြရမည်(သို့မဟုတ်) အခါအား လျော်စွာ ဗဟိုအလုပ်အမှုဆောင်/အလုပ်အမှုဆောင်အစည်းအဝေးမှ သတ်မှတ်ပြဌာန်းသော လုပ်ထုံး လုပ်နည်းနှင့်အညီ သတ်မှတ်ထားသော အသင်းဝင်လက်မှတ်ကိုထုတ်ပေးရန် ဆောင်ရွက်ရမည်။
(ဃ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့က လက်ခံ အတည်ပြုပြီးပါက သတ်မှတ်ထားသော အသင်းဝင်လက်မှတ်ကို ထုတ်ပေးရန် ဆောင်ရွက်ရမည်။
(င) အသင်းဝင်ကြေးနှင့်နှစ်စဉ်ကြေးပေးသွင်းပြီးသည့်အချိန်မှစ၍ အသင်းသားအဖြစ် အသိအမှတ်ပြုသည်။
(စ) အသင်းဝင်ခွင့် ငြင်းပယ်ခံရပါက အနည်းဆုံး ၆ လကြာသည့်အခါ ပြန်လည် လျှောက်ထားနိုင်သည်။
အသင်းဝင်လက်မှတ်
အသင်းသားအဖြစ်ဝင်ရောက်ခွင့်ကိုလက်ခံအတည်ပြုခြင်း၊အသင်းဝင်ကြေးနှင့်နှစ်စဉ်ကြေးတို့ကိုလက်ခံခြင်း ပြုလုပ်ပြီးပါက အသင်းဝင်လက်မှတ်ကို အောက်ပါအတိုင်းစီစဉ်၍ ထုတ်ပေးရမည်-
(က) အသင်းဝင်လက်မှတ်တွင် အသင်းသားအမှတ်နှင့်ရက်စွဲ၊ အသင်းသား၏ အမည်နှင့်လိပ်စာ၊ လုပ်ငန်း မှတ်ပုံတင်အမှတ် နှင့် ရက်စွဲတို့ကိုဖော်ပြပါရှိရမည်။
(ခ) အသင်းဝင်လက်မှတ်တွင် ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် အသင်းသားကိုယ်တိုင် (သို့မဟုတ်) အသင်းအဖွဲ့ကိုယ်စားလှယ်တို့က ထိုးမြဲလက်မှတ် ရေးထိုးရမည်။
(ဂ) အသင်းဝင်သက်တမ်းတိုးမြှင့်ခြင်းကို တာဝန်ပေးအပ်ထားသူ တစ်ဦးက စိစစ်၍ လက်မှတ်ရေးထိုးရမည်။
အသင်းဝင်ကြေးနှင့်နှစ်စဉ်ကြေး
(က) အသင်းသားများအတွက် အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေးတို့ကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့က သတ်မှတ် ထားသည့်အတိုင်း ပေးသွင်းရမည်။
(ခ) နှစ်စဉ်ကြေးကို ဘဏ္ဍာရေးနှစ်အတိုင်း သတ်မှတ်ထားသည့် ကာလအတွက် ကြိုတင်ပေးသွင်းရမည်။
(ဂ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေးကိုလည်းကောင်း၊ ပေးသွင်းရမည့် ကာလကိုလည်းကောင်း အခါအားလျော်စွာပြောင်းလဲပြင်ဆင် သတ်မှတ်နိုင်သည်။
အသင်းသားမှတ်ပုံတင်စာရင်း
အသင်းသားများ၏မှတ်ပုံတင်စာရင်းကို အောက်ပါအချက်များ ပါဝင်အောင် ပြုစုထားရှိရမည်-
(က) အသင်းသားအမျိုးအစားအလိုက် အသင်းသားအမည်၊ မှတ်ပုံတင် အမှတ်နှင့်ရက်စွဲ၊ နေရပ် လိပ်စာနှင့်ဖုန်း၊ ဖက်စ်၊ အီးမေးလ်အမှတ်၊ လုပ်ငန်းမှတ်ပုံတင်အမှတ် နှင့်ရက်စွဲ၊
(ခ) အသင်းသားလုပ်ငန်းအမည်၊ လုပ်ငန်းအမျိုးအစား၊ လုပ်ငန်း ရုံးတည်နေရာလိပ်စာ၊ ဆက်သွယ်ရန်ဖုန်း၊ ဖက်စ်၊ အီးမေးလ် စသည်များ
(ဂ) အသင်းသားအဖြစ် စတင်လက်ခံသောရက်စွဲ
(ဃ) အသင်းသား၏အချက်အလက်များပြောင်းလဲမှုရှိပါက ပြောင်းလဲ မှုအခြေအနေကို မှတ်တမ်းတင်ထားရမည်။ အခြားလိုအပ်သော အချက်အလက်များကိုလည်း ထည့်သွင်းမှတ်တမ်းတင်နိုင်သည်။
(င) အသင်းသားများ၏ ဝင်ရောက်မှုနှင့် ထူးခြားမှု အခြေအနေကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးသို့ အခါအားလျော်စွာ တင်ပြရမည်။
အသင်းသားဦးရေကန့်သတ်ချက်
အသင်းသား ဦးရေကို ကန့်သတ်ချက် မရှိစေရ။
အသင်းသားအဖြစ်မှရပ်စဲခြင်း
အသင်းသားတစ်ဦးဦးသည် အောက်ပါအကြောင်းတစ်ရပ်ရပ် ပေါ်ပေါက်လာပါက ဗဟိုအလုပ်အမှုဆောင်အဖွဲ့က တာဝန် ပေးအပ်ထားသောကော်မတီ (သို့မဟုတ်) အဖွဲ့မှစိစစ်၍ စီမံခန့်ခွဲရေးကော်မတီက အသင်းသားအဖြစ် ရပ်စဲနိုင်သည်။
(က) ကွယ်လွန်ခြင်း
(ခ) စိတ်ပေါ့သွပ်ရူးနှမ်းခြင်း
(ဂ) သာ့သနာ့ဘောင်သို့ အမြဲတမ်းဝင်ရောက်သွားခြင်း
(ဃ) အသင်းသားကိုယ်တိုင်ကနှုတ်ထွက်စာတင်သည်ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့က တာဝန်ပေးအပ်ထား သော သက်ဆိုင်ရာ ကော်မတီမှ စိစစ်တင်ပြ၍ စီမံခန့်ခွဲရေးကော်မတီကလက်ခံခြင်း
(င) အခန်း ၃ အပိုဒ် ၉ ပါ အသင်းသား အရည်အချင်းတစ်ရပ်ရပ် ပျက်ပြားခြင်း။
(စ) ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ဆန့်ကျင်လျက် အသင်း၏အကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင်ပြုမူ ပြောဆို ရေးသားခြင်း။
(ဆ) သတ်မှတ်သော နှစ်စဉ်ကြေး (သို့မဟုတ်) ပေးဆောင်ရန်ရှိသည့် ငွေကြေးတစုံတရာကို ပေးသွင်းရန် ပျက်ကွက်ခြင်း။
(ဇ) ဗဟို အလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ကို ဖောက်ဖျက်ကျူးလွန်ခြင်း (သို့မဟုတ်) ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်း။
(ဈ) သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခုက နာမည်ပျက်စာရင်း (Black List) တွင်ထည့်သွင်း သတ်မှတ်သည်ကို ခံရခြင်း။
(ည) အကျင့်စာရိတ္တကို ထိခိုက်စေသည့် ရာဇဝတ်ပြစ်မှု ကျူးလွန်သဖြင့် တရားရုံးကပြစ်ဒဏ်ချမှတ် စီရင်သည်ကို ခံရခြင်း။
(ဋ) နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားရုံးက ပြစ်ဒဏ်ချမှတ်စီရင်သည်ကို ခံရခြင်း။
အယူခံခြင်း
အသင်းသားအဖြစ်မှ ရပ်စဲခံရသူသည် ကျေနပ်မှု မရှိပါက အကျိုးအကြောင်းခိုင်လုံစွာ ဖေါ်ပြလျှက် အလုပ်အမှုဆောင်အဖွဲ့သို့ ပြန်လည်တင်ပြ အယူခံခွင့် ရှိသည်။ အလုပ်အမှုဆောင်အဖွဲ့၏ အဆုံးအဖြတ်သည် အတည်ဖြစ်သည်။
အသင်းသားအဖြစ် လျှောက်ရန်
အသင်းသားလျှောက်လွှာကို ဤလျှောက်လွှာပုံစံ (Google Form) တွင် ဖြည့်စွက်ပါ။